၂၀၂၄ ခုနှစ်၊ (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ တတိယနေ့ ဆက်လက်ကျင်းပ နေပြည်တော်ဩဂုတ်၁၄

          ၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ တတိယနေ့ကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

          ယနေ့ နံနက်ပိုင်းမှစ၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း၌ ရောင်းချရန် ခင်းကျင်းပြသထားသည့် ပုလဲအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

          ထို့နောက် တင်ဒါအမှတ်(၃)ဖြစ်သည့် ပုလဲအတွဲ အမှတ်(၂၃၁) မှ အတွဲအမှတ်(၃၄၅) တွဲအထိနှင့် တင်ဒါ အမှတ်(၄)ဖြစ်သည့် ပုလဲအတွဲ အမှတ်(၃၄၆)တွဲမှ ပုလဲအတွဲအမှတ်(၄၆၀) အထိကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြကာ ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

မွန်းလွဲပိုင်းတွင် ၂၀၂၄ ခုနှစ်၊ (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဗဟိုကော်မတီ နာယက၊  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမင်းသူ နှင့် တာဝန်ရှိသူတို့သည် ပြပွဲကျင်းပရာမဏိရတနာကျောက်စိမ်း ခန်းမ၌ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲများ ရောင်းချနေမှုကို လိုက်လံ ကြည့်ရှု အားပေးကြသည်။

          ယင်းနောက် တင်ဒါအမှတ်(၃) နှင့် တင်ဒါအမှတ်(၄)တို့မှ ပုလဲအတွဲပေါင်း (၂၃၀) တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း (၁၈၄) တွဲ ရောင်းချ ရကြောင်း ကြေညာသည်။

          ပုလဲရောင်းချပွဲ စတုတ္ထနေ့တွင်  တင်ဒါအမှတ်(၅)ဖြစ်သည့် ပုလဲအတွဲ အမှတ်(၄၆၁) မှအတွဲအမှတ် (၅၈၀) အထိ ပုလဲအတွဲပေါင်း (၁၂၀) တွဲနှင့်  တင်ဒါအမှတ်(၆)ဖြစ်သည့် ပုလဲအတွဲ အမှတ်(၅၈၁) မှ အတွဲ အမှတ်(၇၀၀) အထိ ပုလဲအတွဲပေါင်း (၁၂၀) တွဲတို့ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက် ရောင်းချပေးသွားမည်ဖြစ်သည်။

          မြန်မာ့ပုလဲရောင်းချပွဲများကို ၁၉၆၄ ခုနှစ်မှစတင်၍ မြန်မာ့ကျောက်မျက်ရတနာပြပွဲများနှင့်အတူ ပူးပေါင်း၍လည်းကောင်း၊ မြန်မာ့ပုလဲသီးသန့်ဖြင့်လည်းကောင်း အောင်မြင်စွာကျင်းပပေးခဲ့ရာ ယခု ကျင်းပ ပြုလုပ်သည့် ၂၀၂၄ ခုနှစ် (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဩဂုတ်လ  ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

Admin

Admin

Top