၂၀၂၄ ခုနှစ်၊ (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဒုတိယနေ့ ဆက်လက် ကျင်းပ နေပြည်တော်ဩဂုတ်၁၃

          ၂၀၂၄ ခုနှစ်၊ (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဒုတိယနေ့ကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်းရှိ ရောင်းချရန် ခင်းကျင်းပြသထားသည့် ပုလဲအတွဲ များကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

          ထို့နောက် တင်ဒါအမှတ်(၁)ဖြစ်သည့် ပုလဲအတွဲ အမှတ်(၁) မှ အတွဲအမှတ်(၁၁၅) တွဲအထိနှင့် တင်ဒါ အမှတ်(၂)ဖြစ်သည့် ပုလဲအတွဲ အမှတ်(၁၁၆)မှ အတွဲအမှတ်(၂၃၀) တွဲအထိကို ရတနာကုန်သည်များက ကြည့်ရှု စစ်ဆေးကြရာ ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ယနေ့နံနက်ပိုင်းတွင် ၂၀၂၄ ခုနှစ်၊ (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဗဟိုကော်မတီ နာယက  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမင်းသူ နှင့် တာဝန်ရှိသူတို့သည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲများ ရောင်းချနေမှုကို လိုက်လံ ကြည့်ရှု အားပေး ခဲ့ကြသည်။

          ယင်းနောက် တင်ဒါအမှတ်(၁) နှင့် တင်ဒါအမှတ်(၂)တို့မှ ပုလဲအတွဲပေါင်း ၂၃၀ တွဲ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများ ဖွင့်ဖောက်စစ်ဆေးရာ ပုလဲအတွဲပေါင်း ၁၇၇ တွဲ ရောင်းချ ရကြောင်း ကြေညာသည်။

          ပုလဲရောင်းချပွဲ တတိယနေ့တွင်  တင်ဒါအမှတ်(၃)ဖြစ်သည့် ပုလဲအတွဲ အမှတ်(၂၃၁) မှအတွဲအမှတ် (၃၄၅) တွဲအထိ ပုလဲအတွဲပေါင်း ၁၁၅ တွဲနှင့်  တင်ဒါအမှတ်(၄)ဖြစ်သည့် ပုလဲအတွဲ အမှတ်(၃၄၆) မှ အတွဲ အမှတ်(၄၆၀) တွဲအထိ ပုလဲအတွဲပေါင်း ၁၁၅ တွဲတို့ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက် ရောင်းချပေးသွားမည်ဖြစ်သည်။

          ယခုကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဩဂုတ်လ  ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပနေခြင်း ဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၇၀၀ တွဲ ၊ ပုလဲအလုံးပေါင်း ၁၇၅,၀၀၀ ကို  ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Admin

Admin

Top