၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို နေပြည်တော်ရှိ မဏိ ရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်းရတနာကုန်သည်များသည် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။
ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၁၇၀၁) မှ (၂၅၅၉) အထိ ကျောက်စိမ်းအတွဲ များကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း (၅၉၅) တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။
ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲ ကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားသည့် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများအား ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးနေမှုနှင့် ကျောက်စိမ်းအတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများ ဖွင့်ဖောက်စစ်ဆေး နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြား သည်။