သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉)၊ နေပြည်တော် ၂၀၂၄ ခုနှစ် (၃၄)ကြိမ်မြောက် ဝန်ထမ်းမိသားစု စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉)၊ နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ (၃၄)ကြိမ်မြောက် ဝန်ထမ်းမိသားစု စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၁၂-၁၁-၂၀၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၁၉)ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ဒုတိယဝန်ကြီး ဦးမင်းသူတို့ တက်ရောက်၍ ကထိန်လျာ သင်္ကန်းနှင့် ကထိန်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး တပ်ကုန်းမြို့၊ ပဏ္ဍိတာ ရာမကျောင်းတိုက် ဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဝန်ထမ်း မိသားစုများက ငါးပါးသီလ ခံယူဆောက်တည်ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မှ တပ်ကုန်းမြို့၊ ပဏ္ဍိတာရာမကျောင်းတိုက် ဆရာတော်အား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းသူ မှ တပ်ကုန်းမြို့၊ ဂိုဏ်းထောက် ပရိယတ္တိ ဆရာတော်အား နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း မှ နေပြည်တော်၊ အောင်သိဒ္ဓိကျောင်းတိုက်ဆရာတော်အား နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများမှ ကျန်ရှိသော ဆရာတော် သံဃာတော်များအား နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ပြီးနောက် တပ်ကုန်းမြို့၊ ပဏ္ဍိတာရာမကျောင်းတိုက် ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော်များမှ ပရိတ်တရား၊ “အနုမောဒနာ” တရားများ ချီးမြှင့်ပြီး ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းပြီး ကြွရောက်လာကြသော ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

Admin

Admin

Top