၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက် ရှိသည်။
နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ် နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။
ထို့နောက် ယနေ့ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲအမှတ် (၁၄၁) မှ အတွဲအမှတ် (၂၈၀) အထိ ပုလဲ အတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။
ယင်းနောက် ပုလဲအတွဲအမှတ် (၁၄၁) မှ အတွဲအမှတ် (၂၈၀) အထိ တင်သွင်းထားသော ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၁၀၀ ရောင်းချရကြောင်း ကြေညာသည်။
ယနေ့ ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ပုလဲအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးမှုနှင့် တင်ဒါအောင်သည့် ပုလဲ အရောင်းစာရင်းများ ထုတ်ပြန်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း ၁၆၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချ ပေးမည်ဖြစ်ပြီး အဆိုပါကျောက်မျက်အတွဲများအတွက် အခြေခံဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ် ထားကာ ဝယ်ယူခွင့်ရရှိသည့် ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များအနေဖြင့် နိုင်ငံခြားငွေ သို့မဟုတ် ကျပ်ငွေဖြင့်လည်းကောင်း ပေးချေဝယ်ယူ နိုင်မည်ဖြစ်သည်။
အလားတူ အုပ်စု(အေ၊ ဘီ၊ စီ)အဖြစ် သုံးအုပ်စုခွဲခြားထားသည့် ကျောက်စိမ်း အတွဲပေါင်း ၄၈၀၀ အနက် အုပ်စု(အေ)နှင့် အုပ်စု(ဘီ)မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ လည်းကောင်း၊ အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ လည်းကောင်း အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များ ကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြန်မာ့ကျောက်မျက်ရတနာကဏ္ဍ နှင့် မြန်မာ့ပုလဲရတနာကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို နှစ်စဉ် ကျင်းပ ပြုလုပ်လျက်ရှိပြီး ယခုကျင်းပသည့် ၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပေးလျက်ရှိကြောင်းသိရသည်။