ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ  ဒုတိယနေ့ ကျင်းပနေမှု ကြည့်ရှုအားပေး နေပြည်တော် နိုဝင်ဘာ ၁၉

          ၂၀၂၄ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် ကြည့်ရှုအားပေးသည်။

          ဦးစွာပြည်ထောင်စုဝန်ကြီးသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ပုလဲအတွဲများ တင်ဒါဖွင့်ဖောက် စစ်ဆေးမှုနှင့် တင်ဒါအောင်သည့်စာရင်းများ ထုတ်ပြန်ပေးနေမှု၊ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်မျက်နှင့်လက်ဝတ်ရတနာအရောင်းဆိုင်များ ဖွင့်လှစ်ထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

          ယနေ့ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြပြီး ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲ အမှတ်(၁)မှ အတွဲအမှတ်(၁၄၀)အထိ ပုလဲအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေး၍ ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

          ထို့နောက် ပုလဲအတွဲ အမှတ်(၁)မှ အတွဲအမှတ်(၁၄၀)အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာ များကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၁၀၈ တွဲ ရောင်းချရကြောင်း ကြေညာသည်။

          ယနေ့ ရောင်းချခဲ့ရသည့် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် အခြေခံဈေးသတ်မှတ်ထားပြီး ဝယ်ယူ ခွင့်ရရှိသည့် ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့်လည်းကောင်း၊ ပြည်တွင်း ရတနာ ကုန်သည်များအနေဖြင့် နိုင်ငံခြားငွေ သို့မဟုတ် ကျပ်ငွေဖြင့်လည်းကောင်း၊ ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။

          ပြပွဲတတိယနေ့တွင် ပုလဲအတွဲအမှတ် (၁၄၁) မှ အတွဲအမှတ် (၂၈၀) အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးမည်ဖြစ်သည်။

          ထို့ပြင်မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့်လက်ဝတ်ရတနာအရောင်းဆိုင်များကိုလည်း ဖွင့်လှစ် ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

            ယခုကျင်းပသည့် ၂၀၂၄ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာကျောက်စိမ်းခန်းမ၌ နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၂၈၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် အုပ်စု(အေ၊ ဘီ၊ စီ)သုံးအုပ်စု ခွဲခြားထားသည့် ကျောက်စိမ်းအတွဲပေါင်း ၄၈၀၀ တို့ကို ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Admin

Admin

Top